မလေးရှားနိုင်ငံသား ၄ သိန်းကျော် ပြည်ပထွက်ခွင့် ပိတ်ပင်ခံထားရ
One News
Nov 25, 2026
မလေးရှားနိုင်ငံမှာ အခွန်ကြွေးကျန်တာ၊ တရားရုံးအမိန့်တွေနဲ့ သက်ဆိုင်ရာဌာနတွေကို ပေးဆောင်ရမယ့် ငွေကြေး တာဝန်တွေ မရှင်းလင်းသေးတာကြောင့် မလေးရှားနိုင်ငံသား ၄ သိန်းကျော်ဟာ လက်ရှိမှာ ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ ဇာကာရီယာ ရှာဘန် က ပြောကြား လိုက်တာကို The Star သတင်းစာမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၃ ရက် တနင်္လာနေ့မှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်ကနေ လက်ရှိအချိန်အထိ စုစုပေါင်း မလေး ရှားနိုင်ငံသား ၄၀၄,၈၄၈ ယောက်ကို လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ ဇာကာရီယာရဲ့ ပြောကြားချက်အရ အဲဒီလို ခရီးသွား လာခွင့် ပိတ်ပင်တာတွေဟာ မလေးရှားအခွန်ဦးစီးဌာန၊ ဒေဝါလီခံမှုဆိုင်ရာဌာနနဲ့ အခြားသက်ဆိုင်ရာ အစိုးရဌာန တွေက ပေးပို့လာတဲ့ အကြောင်းကြားချက်တွေအပေါ် အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနဟာ အဲဒီကြွေးမြီတွေကို ကိုယ်တိုင်ကောက်ခံတဲ့ဌာန မဟုတ်ပါဘူး။ “အကြွေးကျန်တာ ဒါမှမဟုတ် အခြားကန့်သတ်ချက်တွေကြောင့် နိုင်ငံပြင်ပကို ထွက်ခွာခွင့် မရဘူးဆိုရင် သက်ဆိုင်ရာကန့်သတ်ချက် ချမှတ်ထားတဲ့ ဌာနကို တိုက်ရိုက်ဆက်သွယ်ပြီး ပြဿနာကို ဖြေရှင်းရပါမယ်”လို့ ဇာကာရီယာက ပြောပါတယ်။
သက်ဆိုင်ရာဌာနက အကြောင်းကြားမှသာ လူဝင်မှုကြီးကြပ်ရေးဌာနက ခရီးသွားလာခွင့်အခြေအနေကို ပြန်လည် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။
လက်ရှိ ဖမ်းဝရမ်းထုတ်ခံထားရသူ ဒါမှမဟုတ် အာဏာပိုင်တွေက အလိုရှိနေသူတွေ အဖြစ် စာရင်းသွင်းခံထားရ သူတွေကို တွေ့ရှိရင် သက်ဆိုင်ရာဥပဒေစိုးမိုးရေးဌာနတွေဆီ လွှဲပြောင်းပေးသွားမယ် လို့လည်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲက ပြောပါတယ်။ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်ပြီး လေဆိပ်ရောက်မှ ထွက်ခွာခွင့်မရတဲ့ အခြေအနေမျိုး မဖြစ်စေဖို့အတွက် မလေးရှားနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားခရီးစဉ် မထွက်ခွာခင် မိမိတို့ရဲ့ ပြည်ပထွက်ခွာခွင့် အခြေအနေကို အစိုးရ ရဲ့ Immigration Travel Status Check ဝက်ဘ်ဆိုက်မှာ ကြိုတင်စစ်ဆေးထားဖို့ တိုက်တွန်းထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အင်ဒိုနီးရှားတွင် တရားမဝင် ရွှေတွင်းပြိုကျမှု ၁၃ ဦး သေဆုံး
One News
Nov 26, 2026 9အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ရွှေတွင်းတစ်တွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တာကြောင့် မြေအောက်မှာ ပိတ်မိနေသူ ၂၆ ယောက်အနက် ၁၃ ယောက် သေဆုံးသွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။